Tuesday, April 7, 2015

သေဆုံးခြင်းရဲ့ လှို့ဝှက်ချက်


တခါတုန်းကပေါ့လေ။ ဘိုခါရာဆိုတဲ့ မြို့မှာ ကုန်သည်ကြီးတယောက်ရှိတယ်။ သူ့မှာ အလှမွေးထားတဲ့ ကြက်တူရွေးလေးကို ရွှေလှောင်အိမ်နဲ့ ထည့်ထားတယ်။ တနေ့ ကုန်သည်ကြီးက ခရီးထွက်မှာမို့ သူ့အိမ်သားတွေကို ဘာမှာကြမလဲ မေးတော့ အိမ်သားတွေက တယောက်တပေါက် ကုန်သည်ကြီးကို အကုန် ဝိုင်းမှာကြတယ်။
ခရီးထွက်ခါနီးကျ အနောက်အပြောင် သဘောနဲ့ သူ့ကြက်တူရွေးလေးကိုပါ မေးလိုက်တယ်။
အဲ့ဒီမှာ ကြက်တူရွေးက စဉ်းစားပီး သူ့အတွက် ဘာမှ မလိုအပ်ပါဘူး။ အခု သွားမယ့် ခရီးက တောအုပ်တခုကို ဖြတ်သွားရတာမို့ သူ့အမျိုးကြက်တူရွေးတွေကိုဘဲ သူက နှုတ်ဆက်တဲ့အကြောင်းလေး ပြောပေးပါဆိုပီးတော့ဘဲ ကုန်သည်ကြီးကို မှာလိုက်တယ်။ ကုန်သည်ကြီးက ရယ်ပီး စိတ်ချ ပြောပေးမယ်လို့ ဆိုတယ်။ ပီး ခရီးထွက်သွားပါတော့တယ်။
ခရီးက ချောချောမောမောပါပဲ။ အိမ်သားတွေ မှာတာကိုလဲ အကုန် ဝယ်ခဲ့တယ်။ ဒါပေမယ့် ကြက်တူရွေးလေးမှာတာကိုတော့ အပြန်ကျမှ သတိရတော့တယ်။
အဲ့ဒါနဲ့ တောအုပ်ကို ပြန်အဖြတ်မှာ....
"ဟေးးးးးးကြက်တူရွေးလေးတို့" ကြက်တူရွေးတို့ စုပီး နားခိုတဲ့ သစ်ပင်အောက်ကလေးကနေ လှမ်းပီး စကားစလိုက်တယ်။ "မင်းတို့ အားလုံးကို ရွှေဂဲက သတိရပါတယ်တဲ့" ကြက်တူရွေးတကောင်က ပြန်မေးတယ်။
"ဘယ်က ရွှေဂဲလဲ" "ဘိုခါရာမြို့က ရွှေဂဲလေ" "သူက ဘယ်ရောက်နေလို့လဲ" "ဘိုခါရာမှာဘဲပေါ့။ ငါ့အိမ်က ရွှေလှောင်အိမ်ထဲမှာ ရှိတယ်"
"အို.." အဲ့ဒီစကားလဲ ကြားရော အဲ့ဒီကြက်တူရွေးကလေးဟာ တဆတ်ဆတ်တုန်လာတယ်။ ပီး သစ်ကိုင်းပေါ်ကနေ ဘုတ်ကနဲ ပြုတ်ကျပီး သေဆုံးသွားတယ်။
ကုန်သည်ကြီးလဲ အဲ့မြင်ကွင်းကို ကြည့်ပီး စိတ်မကောင်းစွာနဲ့ အော် မိတ်ဆွေအပေါ် အတော်ချစ်ရှာတဲ့ ကြက်တူရွေးကလေးပါလားလို့ သတ်မှတ်မိတယ်။ စိတ်မချမ်းမသာနဲ့ဘဲ ခရီးကနေ ပြန်လာခဲရတယ်။ အိမ်ရောက်တော့ အိမ်သားတွေကို လက်ဆောင်ပစ္စည်းတွေ ခွဲဝေပေးတယ်။ နောက်ဆုံးကျမှ ရွှေလှောင်ချိုင့်ထဲက ကြက်တူရွေးလေးဆီ လေးတိလေးကန်သွားပီး ကုန်သည်ကြီးက ဖြစ်ကြောင်းကုန်စင် အကုန် ပြန်ပြောပြလိုက်တယ်။
အဲ့ဒီမှာဘဲ ကြက်တူရွေးလေးက "ဗျာ" ဆိုပီး တောထဲက ကြက်တူရွေးလေး ဖြစ်သလိုဘဲ ဖြစ်ပီး သေဆုံးသွားတယ်။
"ဟာ ဖြစ်ပြန်ပီ" ဆိုပီး ကုန်သည်ကြီးက အတော်ကို ထိတ်လန့်တုန်လှုပ်သွားတယ်။ ပီး
"အော် အတော်ကို ချစ်ကြတာဘဲ"လို့ ပြောပီး ကြက်တူရွေးလေးကို လှောင်အိမ်ကနေ ထုတ်ပီး စားပွဲပေါ် တင်ထားလိုက်တယ်။ အဲ့ဒီမှာဘဲ ကြက်တူရွေးလေးက ထပျံပီး "အို သူဌေးကြီး၊ သင် တွေ့ခဲ့တဲ့ ကြက်တူရွေးက အမှန်တကယ် သေဆုံးခြင်းမဟုတ်၊ လှောင့်ချိုင့်ထဲက လွတ်မယ့်နည်းကို ပြလိုက်ခြင်းဖြစ်တယ်၊ အခုတော့ ကျွန်တော် လွတ်မြောက်သွားပီ၊ ကျေးဇူးတင်ပါတယ် သူဌေးကြီး" ဆိုပီး အားယူပီး အဝေးကို ပျံသန်းဖို့ လုပ်တယ်။ ဒါပေမယ့် အပေါ်ကို မတက်ဘဲ အောက်ကို တဘုတ်ဘုတ်နဲ့ဘဲ ပြုတ်ြ့ပုတ်ကျတယ်။ ပီးတော့လဲ "ကျေးဇူးတင်ပါတယ် သူဌေးမင်း ဟားဟားဟား"လို့ ရယ်ပီး ပြန်တက်ဖို့ လုပ်ပြန်တယ်။
အမြင့်မရောက်သေးမှီ ပြန်ပြန်ပြုတ်ကျပြန်ရော။ ကုန်သည်သူဌေးကြီးကတော့ နားမလည်ဘဲ အူကြောင်ကြောင်ဖြစ်နေတယ်။ ကြက်တူရွေးပြန်တက်ရင် အပေါ်မော့ကြည့်လိုက်၊ အောက်ပြုတ်ကျရင် ငုံ့ကြည့်လိုက်နဲ့ ဘာမှန်းတောင် နားမလည်ဘူး။ ရွှေဂဲမှာလဲ ကြုံးဝါးရုံသက်သက်ဘဲ ဖြစ်ပီး အကောင်အထည်မဖော်နိုင်ဘူး။ မပျံရတာ ကြာတော့ စိတ်သာရှိပီး ရုပ်က မလိုက်နိုင်ဘူး။ ပီး အတောင်ပံကလဲ ညှပ်ထားတော့ ကြုံးဝါးရုံသက်သက်သာရပီး အပေါ်ကို ပျံမတက်နိုင်ရှာဘူး။ နောက်ဆုံးအကြိမ် ပြုတ်ကျရာမှာ တော်တော်လေးအထိနာသွားတယ်။ ပြန်တောင် မထနိုင်တော့ဘူး။ အဲ့ဒီမှာဘဲ သူ့ကို မျက်လုံးပြူးနဲ့ ငုံ့ကြည့်နေတဲ့ ကုန်သည်ကြီးကို ရွှေဂဲလေးက ရယ်ပြပီး ပြောလိုက်တာကတော့-
"ကျွန်တော်က နောက်တာပါ သူဌေးကြီးရဲ့။ ဟီးဟီး သူဌေးကြီးရော ဘယ်လိုလဲ။ ခရီးက ပြန်လာတာ နေကန်းတယ်နော်။ ငိငိငိငိ" မှ
(တာရာမင်းေ၀ - ဘယ်ဘက်လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်)

0 comments:

Post a Comment